Friday, July 10, 2009

ချော့တေး













အလွမ်းတခြင်းကို
ပန်းတခင်းထဲ ကောက်မိတယ်...

မင်း ငိုသမျှ
နှင်း ပြိုကျသလိုပါပဲကွယ်...

မင်း ရီနိုင်နေမှ
နှင်းဆီခိုင်တွေ လှလိမ့်မယ်...

အငြိုအငြင်ကို
မလိုချင်တဲ့ လူတယောက်...

စိတ်အကောက်ကိုလည်း
သိပ်ကြောက်တတ်ခဲ့တာပဲလေ...

အနမ်းတပွင့်ကို
လှမ်းလင့်လို့ပဲ ပေးလိုက်တယ်...

ချစ်နေသေးရင်
အပြစ်တွေပေးလည်း ယူဦးမယ်....

စိတ်မပျက်ပဲ
အိပ်မက်ထဲထိ ချစ်နေတယ်...

(ဆောင်းလွမ်းနေ)

Thursday, July 2, 2009

အိမ်ပြန်ချိန်ကို မျှော်နေမိသူ

လွမ်းဆွတ်မှုတွေကို
ကျောပိုးအိတ်ထဲ
ကောက်ထည့်ပြီး
ခရီးတစ်ခုကို နှင်ခဲ့တယ်

အများသူတွေအတွက်
တိုတောင်းတဲ့အချိန်တွေ
ကျနော့်အတွက်
ရှည်လျားနေလေရဲ့

မတူညီမှုတွေကို
ညီမျှခြင်းအတင်းထိုးပြီး
တူညီအောင်
ကြိုးနေစားနေမိတယ်

အတင်းလုပ်ယူထားတဲ့
ညီမျှခြင်းတွေကြောင့်
တူညီမှုအဖြေတွေက
မလှပခဲ့ဘူး

ရှေ့ဆက်သွားဖို့ မရတော့တဲ့
လမ်းပိတ်တစ်ခုမှာ
နောက်ပြန်လှည့်ရင်း ----- ကျနော်
အိမ်ပြန်ချိန်ကို မျှော်နေမိတယ် . . .

မော်စီ

Tuesday, June 23, 2009

ညှို့ မျက်စောင်း

အာရုံထဲမှာ…
ခိုးဝင်လာတဲ့ မျက်နှာလေးက
မျက်စောင်းတွေ
အချက်တသောင်းခြွေချ။

sweetတွေလောင်းပြီးထည့်
အကြည့်တွေစောင်းပြီးဖွဲ့ တဲ့
ကိုယ့်အတွက်မျက်စောင်းကဗျာ မှာ
လျှို့ ဝှက်အနက်ပေါင်းတရာ ထည့်ထားသလား။
ညှို့ အားတကြောင်းစီမှာ
ဗို့ အားတသောင်းစီ ရှိနေတယ်။

မကျက်တကျက် မျက်နှာလေးပေါ်မှာ
ကြည်ဖြူတဲ့ အရိပ်များတွေ့ တိုင်း
ဒီလူရဲ့ စိတ်အားပြည့်
နွေလိုပူတဲ့ အတိတ်များမေ့ သွားခဲ့တယ်။

လောကဓံအဆိပ် ဖြေဆေးတွေကို
မျက်စောင်းလေးနဲ့ ဖော်စပ် ပေးပါ ကောင်မလေးရေ။
ဒီကမ္ဘာမှာ ကိုယ်ရင်အခုန်ဆုံး အလုပ်က
မျက်စောင်းလေးတွေထဲမှာ သူထည့်ပေးတတ်တဲ့
သူ့ စိတ်ကာလာအမှန်ကို
အနုစိတ်ဘာသာပြန်ခြင်း ။

ကောင်းကင်ကို

Sunday, June 21, 2009

အမှိုက်ပုံထဲမှ အပျက်အစီးများ

ဘ၀အပူကို
ကိလေသာနဲ့  ယပ်ခပ်ကြသူတွေ

"၀ိတ်တာ၊ခဏ
ကလေးမကို ဈေး အကြီးဆုံးပန်းကုံး
ဆုချလိုက်.."

"အန်တီ့ဘ၀ဟာ
သားနဲ့ တွေ့ မှ..."

တော်သလင်းလကို ကိုက်ချီထားတဲ့ 
ခွေးတွေလို၊ အူကြ..

ပုကွကွ နေ့ တွေကိုလက်ဆွဲပြီးတော့၊
ဆောင်းရာသီကလည်း
အရပ်ထဲ လျှောက်အော်နေတယ်..

"အဲယားကွန်းလေးပိတ်ပေးကြပါရှင်.."

လပြည့်ညကလည်း
မျက်ရည်လည်ရွှဲနဲ့ 
မီးစက်က စော်ကားလိုက်လို့ တဲ့ 

နေ၀င်မှ အလုပ်သိမ်း
ညနက်မှ အိမ်ပြန်
ဘ၀ကို ကိုရီးယားကားထံ
အပ်နှံထားကြသူများ

ရှားပါးမှုတွေ ပေါများနေလို့
ကံစမ်းမဲ ကို ကိုးကွယ်ကြ
ကျေးဇူးတင်ပါတယ်ဆို အော်ဆဲ
အပြုံးမျက်နှာ ရတော့ ငိုချင်းချ
မွန်းတည့်ချိန်ရောက်ပြီလားဆိုတာကို
ဘာထွက်သွားလဲနဲ့ မေးကြ

အာ...
နွားနှစ်ကောင် ဘယ်ရောက်သွားပြန်လဲ
မြေဇာပင်ကလည်း အဲဒီလို

နည်းပညာအသစ်၊ ဆော့ဖ်ဝဲ အသစ်
နောက်ထပ်
နည်းပညာအသစ် ၊ ဆော့ဖ်ဝဲ အသစ်
နောက်ထပ်
***********
***********
***********
နောက်ထပ်
နောက်ထပ်နဲ့ ထပ်ကုန်ကြ..

လှေကား၊လှေကား
ဂမူးရူးထိုးလိုက်ရှာကြ
တွေ့ တော့
အောက်ဆင်းသွားကြပြန်တယ်

လျော့တိလျော့ရဲ အတွေးတွေကို
ခါးပတ်ပတ်ပေးလိုက်ကြတော့
ငြီးငွေ့ မှုတွေဟာ
လေးတိလေးကန်နဲ့ ရောက်လာဦးမှာ
ဝတ်လစ်စလစ် ဦးဏှောက်
စာအုပ်၊စာပေနဲ့ ဖုံးကွယ်
ပြုံးတယ် ဆိုပေမဲ့ လည်း
မဲ့ တဲ့ တဲ့ ...

ကမ္ဘာလည်ပုံက နာရီလက်တံနဲ့ ပြောင်းပြန်
ငါတို့ လျှောက်တော့
စက္ကန့် တံတွေရဲ့  နောက်
အဲဒီလိုနဲ့ 
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီ ထက်
ပိုတိမ်းစောင်းခဲ့ ကြပြီကွယ်တို့ ...။ ။


သုဏော်စိုင်း

Tuesday, June 16, 2009

အရှက်မရှိတဲ့ ငါ....


ဒီလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
တစ်ရွာနဲ့တစ်ရွာလည်း
အသည်းခွဲလို့လွယ်ပါသလား .....
ကမ္ဘာဆိုတာ ရွာကြီးတစ်ရွာလည်း ဖြစ်တယ် ။

အမှတ်တရ ည ပါပဲ ..........
တစ်စုံတစ်ရာ ထိမှန်ခဲ့တယ်ဆိုတာ .........
ငါ .. ရင်ဘတ်တွေ နာလာမှ သိတယ် ..........။

ဒူးနေရာမှာ မဒူးပဲ .......
တော်နေရာမှာ မတော်တတ်ခဲ့တော့ .......
သံယောဇဉ်တမျှင်ကြိုးက ရင်ကို တိုးလို့ ချည်တယ် .........။

ဟင့်အင်း ..
မမြိုသိပ်တက်ခဲ့တာဟာ ......ငါ့အမှားဆိုရင် ......
တိုက်ဆိုင်လွန်းနေခဲ့တဲ့ ကံကြမ္မာကိုလည်း
နည်းနည်းတော့ အပြစ်တင်ချင်မိတယ် .........။

ရုတ်တရက်ကြီးဆိုတော့
ကိုယ့်ဂစ်တာကြိုးလျော့တာကို ကိုယ်သတိမထားခဲ့နိုင်ဘူး။

အချစ်ဆိုတဲ့ ဒီသဘောက်မသားက
ငါ့ရဲ့ မရှိမဲ့ရှိမဲ့သိက္ခာတရားကို
မဟားဒယား ခလောက်ဆန်သွားလိုက်တာ .......
အရှက်တရားက
ပတ်ကြားအက် လယ်ကွင်းပြင်တစ်ခုဖြစ်တယ်။

အဖန်ဖန်အထပ်ထပ်
ကိုယ်မက်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
စာရိတ္တမြေဆီလွှာမကောင်းတဲ့
အခွင့်အရေးသမားတစ်ယောက်ရဲ့ လယ်တစ်ကွယ်မှာ
မျှော်လင့်ချက်ပျိုးပင်တွေ ကျိုးတို့ကျဲတဲ
ငါစိုက်ခဲ့သလောက်ပဲ ငါ့ကို ပြန်ပေးခဲ့တယ် .............။

ဒီလိုနဲ့
(ပန်းခူးစားသူတွေအကြောင်း ...)
အဲဒီလို ထောင်းထောင်းထနေတဲ့ စောင်းမြောင်းသံတွေ ကြားမှာ
ငါ့ အိပ်ရာနဲ့ ငါ့ညက
ငါ့ကျောကုန်းအောက်မှာ ကျပျောက်နေခဲ့တယ် ...။

မိုးသား

ငါ့မှာ ဘာမှ မရှိခဲ့ဘူး....


ဟိုး ..အရင်က
တစ်ထပ်ပြီး တစ်ထပ်

ကောင်းကင်ကို မိုးထိုးတက်သွားတဲ့ တိုက်တွေရဲ့ကြား

ငါ ခေါင်းမော့ပြီး လမ်းသလားရ
မှာ

မုန်းလိုက်တာလို့ ထင်ခဲ့ဖူးတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။



မီးပွိုင့်စိမ်းနဲ့ မျဉ်းဝါ၀ါ
ငါ သေချာကြည့်ပြီး လမ်းကူးတယ်။
ဒါပေမယ့် .....
ကိုယ်ပိုင်ဂွေကို ကိုယ်တိုင်ကိုင်ပြီး
မြေပြင်ကို လေယာဉ်လို မောင်းနေကြသူတွေကြားမှာ
ငါ အလျင်စလို လမ်းဖြတ်ကူးနေရတာကိုလဲ မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။

ပြီးတော့ ....
ရန်ကုန်မြို့ရဲ့ ခေတ်ရေစီးကြောင်းမှာ
သုံးတောင် ချုပ်ရမယ့် တစ်ဝတ်စာကို
သုံးခါ ချုပ်ဝတ်တဲ့ ကောင်မလေးတွေရဲ့ ကြား
ငါ့ခေါင်းကို အမြဲငုံ့ထားရတာကိုလဲ မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။

ဝယ်လို့သာ ၀ယ်
အိမ်ကိုလည်း ပြန်သယ်လို့မရတဲ့ စက္ကူပန်းကုံးတွေအတွက်
“ငွေလုပ်စက်” ရှိတဲ့ စင်တင်ပျော်လူမိုက်တွေ မြင်တိုင်း
ကိုယ့် အရပ်ကို ကိုယ်ပြန်တိုင်းနေရတာလည်း မုန်းတယ်။
ငါ့မှာ ဘာမှ မရှိခဲ့ဘူး။

တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ဖို့အတွက်
ဒီဂျစ်တယ်ပြားကို နားအုံမှာ ကပ်ရုံပဲဆိုတဲ့ ခေတ်မှာ
ငါ ပိုင်ဆိုင်တာတွေကို ငါပြန် စိစစ်တိုင်း
ကိုယ့်ကိုယ်ကို ခပ်ရိုင်းရိုင်း ပြန်ဆဲမိတဲ့ ညနေတွေများလာတဲ့အခါ
ငါ ....ဘာမှမရှိခဲ့တာကို မုန်းတယ်။

.............................
.....................................
........................................
........................................ မုန်းတယ်။

တစ်နေ့
နှစ်ရာကျော်တန် နောက်ဆုံးပေါ် ဇိမ်ခံကားကို
နောက်ဆုံးပေါ် ဇိမ်ခံမယားအတွက်
နောက်ဆုံးလက်ဆောင် ပေးခဲ့ဖူးပါကြောင်း
ခေတ်ဟောင်း စစ်ကြို ဘက်စ်ကားပေါ်မှာ
ဘ၀ဟောင်းကို မြိန်ရည်ရှက်ရည် စားမြုံပြန်ရှာတဲ့
နောက်ဆုံးပေါ် နွားကြီးတစ်ကောင်နဲ့ အတွေ့မှာတော့
ကိုယ့် အတ္တကို လေပြန်လျှော့ရင်း
(သူငယ်ချင်းတို့ရေ .....)

ငါ့ကိုယ်ငါ ပြန်ချစ်သွားမိတယ်။
ခုထိလည်း ဘာမှ မရှိသေးပါဘူး။

မိုးသား

“ပြန်စားမိတဲ့ ကဗျာ”

ကိုယ့်ကဗျာ ကိုယ်ပြန်ဖတ်ဖို့
ပေမမီ ဒေါက်မမီအရပ်က
ခြေဖျားထောက်ထောက်နေရ
(ဒါတောင်…)
ချည့်နဲ့နဲ့ မာနက
လက်ဆင့်ကမ်း ကဗျာတွေကို
အလွတ်မရရှာဘူး…။

မျက်လုံးဖွင့်တာနဲ့ မိုးထိုးနေတတ်တဲ့
ခြေလှမ်းတစ်စုံက
အိမ်ရှေ့တံခါးဝမှာတင် ရပ်နေတုန်း
ခလုတ်တိုက်တိုက်နေတတ်တော့
မြစ်ကျိုးအင်းမှာ လှော်ခတ်ဖို့
ခပ်ထူထူစကားလုံးတွေတော့…. လိုမယ်…။

ကဲ….
ခင်းကျင်းလိုက်စမ်း
တိုလီမုတ်စ လက်ပြတ်အင်္ကျီတွေ
ကဗျာဖတ်ဖို့
ဆွံ့အနားမကြား ရင်ဘတ်တစ်စုံနဲ့
စိတ်ရောဂါသည် နှလုံးသား….လာခဲ့
မေ့မေ့နေတတ်တဲ့
သတိရခြင်းတွေကို
ခေါက်ရိုးကြေ ကဗျာထဲ ဆွဲသွင်းလိုက်
အမြင်တင့်ဖို့
မီးပူတိုက်ပေးစရာ မလိုဘူး…..
တိုက်ပုံဝတ်ပေးစရာ မလိုဘူး…..
တက္ကစီငှားပေးစရာ မလိုဘူး……
ကိုယ့်ပွဲကိုယ်တက်ဖို့
အချိန်နာရီ မလိုဘူး…
အကြိမ်အရေအတွက်မလိုဘူး…..
ယပ်ခတ်ပြီး စားလိုက်
ဝပြီလား…ထားခဲ့ပေါ့
ဟားတိုက်ပါစေ.
ပေကျံနေတဲ့ ပါးစပ်ပေါက်အတွက်
ရေမဆေးနဲ့… မသုပ်လိုက်နဲ့….။

ညီနှင်းခ

“ကဗျာ”

ရင်ထဲက သွေးတွေ
မပွင့်တပွင့် အထွက်မှာ
ငါဟာ…
စည်းကိုက်တဲ့ ဂီတ။

လေပြေလေး မပြေတပြေ အတိုက်မှာ
ငါဟာ…
ဝတ်မှုန်ကူးနေတဲ့ လိပ်ပြာ။

ခေတ်တွေ ဘယ်လောက်ဟောင်းဟောင်း
စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း
ငါဟာ…
ကမ္ဘာဦးတေးသီတဲ့ ၀ိညာဉ်။

လောကငြိမ်းချမ်းဘို့ အတွက်ဆို
ငါဟာ…
အပစ်အခတ် ရပ်စဲရေး တမန်တော်။

(အချစ်ကြောင့်)
အသည်းကွဲသူ အတွက်ဆို
ငါဟာ…
အနာကျက်စေမယ့် မဟာဖြေဆေး။

ဘယ်သူ့မှ ဒုက္ခမပေးဘူး
ဘယ်သူ့မှ အရှုံးမပေးဘူး
ငါ့ကမ္ဘာ ငြိမ်းချမ်းဘို့ အတွက်ဆို
ငါ့ကဗျာကို…
ငါ့အထာနဲ့ငါ…. သားဖေါက်လိုက်မယ်။

ညီနှင်းခ

“မရှိသင့်တဲ့ ကမ္ဘာ”

နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီစောင်းပြီး
လည်နေတာတောင်
နေ့နဲ့ည မပြောင်းတဲ့ကမ္ဘာ
ကျနော်နေတဲ့ ရွာနဲ့ နီးတယ်…..။

လူကိုလူချင်း တက်နင်းချင်တဲ့အထာ
ပျက်ယွင်းနေတဲ့ ကမ္ဘာ
ခန္ဓာဝန်ချကာနီးမှ
ဘုရားတမယ့် သတ္တ၀ါတွေ
ကျနော်နေတဲ့ ရွာမှာ ရှိတယ်…..။

စီးပိုးရမှ ကျေနပ်
ZERO ရောက်မှ လေဖြတ်မယ့်ဟာတွေ
မသေမခြင်းဆိုးတဲ့
(သေချင်းဆိုး) အဆီပြန် အတ္တသည်တွေ
(သူတို့…)
ရသမျှ ၀ယ်ဝယ်နေတဲ့
ဒယ်အိုးသွား လက်မှတ်တစ်စုံနဲ့
ကူးတို့ခ ငွေတစ်မတ်အတွက်
လျှာထွက်သေမယ့် သူတို့ ကမ္ဘာ
လူတို့ရွာမှာ မရှိရင်ကောင်းမယ်…..။

ညီနှင်းခ

Saturday, June 13, 2009

အေးခဲနေတဲ့နေ့










အရှေ့အရပ်မှာ နေသာတယ်...
အနောက်ရပ်က ငါ့ဥယာဉ်ခမျာမတော့
ညှိုးနွမ်းနေတဲ့ ပန်းတွေနဲ့သာ...

လမင်းကတော့
တောင်စွယ်အဆုံးမှာ
ပုန်းအောင်းရင်း
ချစ်ခြင်းမေတ္တာအကြောင်း
ညကို ပြောကြားကောင်း ပြောကြားမလို့ ထင်ရဲ့...

ပုဇင်းရင်ကွဲတွေ အော်နေကြတယ်-ဆိုတဲ့
ဖိုးချိုရဲ့ သီချင်း
တီးတိုးဆိုငြည်းရင်း
နေမင်းဟာ ညရင်ခွင်ထဲ
တိုးဝင်ရောက်ရှိသွားပါပေါ့...

နေ့က ညထဲ တိုးဝင်သွား...
ညက နေ့ထဲ ပျော်ဝင်သွား...
ကမ္ဘာရထားကြီးကတော့
သူ့ကို ထမ်းထားတဲ့
နေ့ညဆိုတဲ့ သံလမ်း နှစ်ခုပေါ်မှာ
ခရီးကြမ်းတွေ ဆက်လို့ ...

ငါကသာ ရပ်တန့်လို့နေလေရဲ့...
အေးခဲနေရတာ
ညောင်းညာလှပါပြီ “နှင်း”ရေ...

ငါ့ရဲ့ ငှက်ကလေး သုံးကောင်
အတောင်တွေ ၀ှက်
အိပ်စက်နေတဲ့ အသိုက်ဘေးမှာ
ငါ ငေးရီနေမိတယ်...
ငါ့နေကြာပန်းလေးတွေကလည်း
ငါ့နံဘေးမှာ မှေးစက်လို့လေ...

(အောင်သာငယ်)

Monday, June 8, 2009

နောက်ကျောဘက်ကရင်တစ်ခြမ်း



ငါ့ကိုအမေပေးလိုက်တာ
လေးနဲ့ မြှား
ချိန်ရွယ်ခွင့်ရတော့
ပစ်မှတ်ရယ်ကနဂါးရယ်ငါးရယ်
လွဲခဲ့ရလေပေါ့။

တွေးမိတိုင်းမောခဲ့
တွေးလိုက်တိုင်းမောဆဲ
တွေးတိုင်းမောနေဦးမှာသေချာတယ်။


ငါ့အိပ်မက်တွေရော
အားမရလိုက်တာ
ပြန်ပြင်ပြီးမက်နေရဦးမှာလား
မောလိုက်တာ
ဝန်ပိုဆိုလို့နှင်းဆီတစ်ပင်ရဲ့
မျိုးစေ့တစ်ခုပဲ
ဝဲဘက်ရင်အုံအောက်မှာမြုပ်ထားမိတာ
ဟူး..................
ရှုလိုက်တဲ့လေထဲမှာဟိုက်ဒရိုဂျင်တွေ
သိပ်ကိုလိုအပ်နေပြီ
အသက်ရှုကျပ်နေတဲ့လောကကိုမှ
အောက်ဆီဂျင်ဖျော်တိုက်မိခဲ့လို့လေ
ဒီလိုနဲ့
ပုပ်သိုးသွားခဲ့ရတဲ့ငါပါ။


ဘာဖြစ်လဲကွာ....
ပညတ်ခြင်းသဘောအရ
ဆုံဆည်းခြင်းမရှိခဲ့လို့
ကွေ့ကွင်းခြင်းဆိုတာဖြစ်လာတာပဲ
ဒီတော့
ကိုယ့်ဟာကိုပဲ
လွမ်းနေတဲ့အလွမ်းများနဲ့
ရိုးသားစွာပဲပြောမယ်။

နှစ်ချို့အလွမ်းတွေ
နှစ်နဲ့ချီသယ်ပိုးထားခဲ့တဲ့
ဟောဒီ..ပန်းသီးတစ်လုံးရဲ့ဗဟိုချက်မှထဲက
ဘယ်သူမှမသိတဲ့ရာဇ၀င်တွေကို
တစ်နေ့နေ့တော့လေ.......
ဒီဥယျာဉ်ထဲရင်ခွဲပြရလိမ့်မယ်။

........ကောင်မလေးရေ......
အဲဒီအချိန်
မင်းရဲ့ဧည့်ခန်းဆောင်ထဲ
လမင်းဆယ်စင်းထက်မက
သာလိုကသာနေပါစေတော
ပွင့်နေတဲ့ရင်တခြမ်း
မလုံတလုံဖုံးတားရင်း
ငါ..လာခဲ့မယ်။ ။



အမည်မဲ့

Monday, June 1, 2009

ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်

ဒီလမ်းဟာ

ငွေနဲ့ မဝေးပေမယ့်

အမေနဲ့ တော့ ဝေးတယ်။


ဒီလမ်းဟာ

ဒေသသစ်မှာ အခြေချခွင့်နဲ့ နီးပေမယ့်

ကိုယ့်လိပ်ပြာနဲ့ ကိုယ်ပြန်ဝေးတယ်။


ဟိုဘက်ကမ်းမှာ ဘဝ

ဒီဘက်ကမ်းမှာ အလှတဲ့

ဘဝနဲ့ အလှကြားမှာ

ခေါင်းမကျ ပန်းမကျ

အနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။


ဒီလမ်းဟာ

ဖြောင့်တန်းပေမယ့်

အရိပ်မရှိတော့ ပိုဝေးတယ်။


ဒီဘက်ခြမ်းမှာ

အသိုက်တခုကိုရွေး

စက်ရုပ်တရုပ်လို ကိုယ်ပြေးမယ်။


သြော်…ဒီလိုနဲ့ 

ကမ္ဘာဆိုတဲ့ မြစ်ထဲမှာ

မကြည့်ရက်စရာ နစ်နေတဲ့အဖြစ်

ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ကို

အဝေးကပဲ ချစ်လိုက်ရတယ်။


ကောင်းကင်ကို

Wednesday, May 20, 2009

အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို
(သူတို့)သိုဝှက်ပစ်လိုက်ကြတယ်..
မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်
အတွင်းဘက်မှာ ပွက်လောညံလို့..
ပါးစပ်တွေ ပိတ်ထားရပေမယ့်
လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…
အကြောင်းမဲ့ အာဃာတ တရားတွေနဲ့
မိုက်ရူးရဲနေတဲ့ ကောင်တွေ
ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့
စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..
ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..
ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်
အဲ့ဒိတံတိုင်းတွေက..
ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွား စေဘူး..
(၀မ်းနည်းပါတယ်….)
ဒါဟာ မင်းတို့ ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး
အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်
အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..
အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..
ညက မှောင်ပိန်းနေတာတောင်
ငါတို့ ခရီးဆက်ရဲကြပြီ…
ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့
နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ
ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ
ငါတို့ ညှပ်ဖိနပ်သံတွေဟာ…
မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..
ခွေးလေခွေးလွင့်တွေရေ..
ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..
ငါတို့ .. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။


***မင်းယွန်းသစ်***

Monday, May 18, 2009

ရပ်လိုက်တော့

လှောင်ရိပ်တခုအောက်
မင်းအပြုံးမျက်နှာက မပီမသနဲ့
ပေးဆပ်မှုတွေက ဗရပွ
ဘယ်အချိန်ထိ ဘယ်လိုအကြောင်းတွေနဲ့
မင်းအမုန်းတွေက ရှင်သန်နေမလဲ
ငါသိချင်တယ်တော့မဟုတ်ပါဘူး........

ဒါပေမယ့်
အခါခါ ရင်နာရအောင်
မင်းရဲ့ အာဃာတတွေအောက် ဝပ်စင်းနေရတာ
ငါ တကယ် ကြေကွဲရတယ်
ငါတယောက်တည်းတင်မဟုတ်ပါဘူး
နင့်အမုန်းအောက် အသက်ပျောက်သူတွေ
ဘဝပျောက်သူတွေ အများအပြားပဲ.....

အခုထိတော့
မင်းစရိုက်တွေနဲ့ မင်းအကျင့်ဆိုးဆိုးအောက်မှာ
ဖြူစင်သူတွေပေးဆပ်နေရတုန်းပဲ.....

မင်းကတော့ မိန့်မိန့်ကြီးပြုံးပြီး
ကောက်ကျစ်တဲ့အမုန်းတွေနဲ့
အားလုံးကို နှောင့်ယှက်ဆဲပဲ...

ငါ့ရင်တွင်းဆန္ဒကို
လှစ်ဟပြရရင်တော့
မင်းအပြုအမူအားလုံးကို
ဖြူစင်ခြင်းမှတ်တိုင်မှာ
အခု
ရပ်လိုက်တော့........




Tuesday, May 12, 2009

ပုံရိပ်တစ်ခုသို့

အတိတ်ပြန်မြင်
ဆွေးရိပ်ထင်သည်
မျှော်လျှင်မောမည့်ချစ်ခြင်းတည်း.........